Saturday, January 11, 2014

ဖုန်းခေါ်ဆိုရခက်ခဲသည့်နေရာများရှိပါက ၁၈၇၆ သို့အကြောင်းကြားနိုင်....


ရန်ကုန်တိုင်းအတွင်း မိုဘိုင်းစက်ပစ္စည်းများ လဲလှယ်တပ်ဆင်ခြင်း၊ စက်ချိန်ညှိခြင်း၊ တိုင်းတာစမ်းသပ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသောကြောင့် ပြည်သူများအနေဖြင့် မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု အခက်အခဲများဖြစ်ပေါ်နေပါက ယင်းနေရာ၊ နေ့ရက်နှင့်အချိန်များကို Call Center ဖုန်းနံပါတ် - ၁၈၇၆ သို့ ဆက်သွယ်ပြောဆိုနိုင်ကြောင်း သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၏ ဇန်န၀ါရီ ၉ ရက်ထုတ်ပြန်ချက်အရသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက “လိုင်းကျပ်တဲ့နေရာတွေ ကို ၁၈၇၆ သို့ သတင်းပေးရင် အဲဒီနေရာတွေ လိုက်ကြည့်မယ်။ သူတို့က လက်ခံထားမယ်။ ဘယ်နေရာ မှာ ခေါ်ရတာခက်ခဲတယ်။ အသံတွေမကြည်လင်ဘူး။ သူတို့ကိုပြောရင် သူတို့က မေးလိမ့်မယ်။ ပြီးရင် ဌာနကို အကြောင်းကြားပေးမယ်”ဟု ဆိုသည်။

ယင်းသို့ဆက်သွယ်ပြောဆိုသည်များကို Call Center မှ မှတ်ထားပေးမည်ဖြစ်ကာ အများအားဖြင့် GSM နှင့် WCDMA ဖုန်းများအတွက် အဓိကအကြောင်းကြားနိုင်မည်ဖြစ်သည်။

ယင်းသို့ဆက်သွယ်ပြောဆိုနိုင်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင်နေထိုင်သော ကုမ္ပဏီဝန်ထမ်းအမျိုး သမီးတစ်ဦးက “ဒီဇင်ဘာလကတည်းက လိုင်းတွေကျပ်နေတာပါ။ မြန်မြန်လေး ပြန်ပြင်ပေးမယ်ဆိုရင် ကောင်းပါတယ်။ ပြင်နေတယ်ဆိုတော့လည်း ဘယ်တော့ပြန်ကောင်းမလဲစောင့်နေတာ။ ဒီလိုမျိုးဖုန်း ဆက်ပြီး ပြောလို့ရရင် တကယ်ကျပ်နေတဲ့သူတွေအတွက် အဆင်ပြေနိုင်တာပေါ့”ဟု သူ၏အမြင်ကို ပြောသည်။

ရန်ကုန်တွင် မိုဘိုင်းရေဒီယိုစခန်းများအနက်စခန်း ၁၅၉ ခုရှိ စက်အလုံးပေါင်း ၂၀၀ ကျော်ကို ပြောင်းလဲ တပ်ဆင်ပြီး လက်ရှိအချိန်တွင် စက်ချိန်ညှိခြင်း၊ တိုင်းတာတပ်ဆင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေရာ ဇန်န၀ါရီ ၃၁ ရက်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအချိန်အတွင်း ဖုန်းခေါ်ဆိုရခက်ခဲပါက အကြောင်းကြားနိုင်မည်ဖြစ်သည်။

စက်ပစ္စည်းများ ပြောင်းလဲတပ်ဆင်ခြင်းမှာ ယခင်တပ်ဆင်ထားသည့် ZTE စက်များနေရာတွင် Hauwei အမှတ်တံဆိပ်စက်များ ပြောင်းလဲတပ်ဆင်ခြင်းဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။

Mizzima Burmese

No comments:

Post a Comment