Saturday, January 11, 2014

i phone 6 နဲ့အပြိုင် ထွက်လာတော့မည့် Samsung Galaxy S5


အားလုံး စိတ်ဝင်စားနေကြတဲ့ Samsung ရဲ့ Galaxy S5 စမတ်ဖုန်းဟာ လာမယ့် ဧပြီလထဲ ပွဲထွက်လာမှာ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းတွေအရ သိရှိရပါတယ်။ အစောပိုင်းတည်းက သတင်းတွေ ထွက်ရှိထားတဲ့အတိုင်း အဆိုပါ စမတ်ဖုန်းမှာ သုံးစွဲသူရဲ့ မျက်ဝန်းကို ဖတ်နိုင်မယ့် ‘Iris Scanner’ လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ လက်ရှိ Galaxy S4 မှာလည်း မျက်လုံးရဲ့ ရွေ့လျားမှုကို အာရုံခံနိုင်မယ့် Sensor ပါဝင်ပေမယ့် ထင်သလောက် မကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် Galaxy S5 ဟာ ပိုမိုကောင်းမွန်လာမယ့် Sensor တွေ၊ Scanner တွေနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

ဒီသတင်းကို Samsung ရဲ့ မိုဘိုင်းဌာနအကြီးအကဲ လီယွန်ဟီးမှ အတည်ပြု ပြောကြားခဲ့တာပါ။ ဒီသတင်းအရ Samsung အနေနဲ့ နောက်လထဲ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC (Mobile World Congress) မှာ ဘယ်စမတ်ဖုန်းအသစ်ကိုမှ မိတ်ဆက်ပွဲထုတ်မှာ မဟုတ်ဘဲ ဧပြီလရောက်မှသာ Launch လုပ်မှာ ဖြစ်ပါတယ်။

အခုထွက်ရှိမယ့် Galaxy S5 ဟာ လက်ရှိ iPhone 5S နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၂၀၁၄ ထဲမှာတင် ထွက်ရှိလာမယ့် iPhone 6 နဲ့ပါ ဆက်လက်ယှဉ်ပြိုင် သွားရမှာပါ။ သေချာတာကတော့ ဒီဖုန်းမှာ မျက်ဝန်းကိုဖတ်မယ့် ‘Iris Scanner’ ပါဝင်လာမှာ ဖြစ်ပြီး အခြားသော Scanner လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် အရင်ကထွက်ရှိခဲ့သမျှ Samsung ဖုန်းတွေနဲ့ ကွဲပြားစေမယ့် ဒီဇိုင်းပုံစံအသစ်ကိုလည်း တွေ့ရမှာ ဖြစ်တယ်လို့ Samsung ရဲ့ အကြီးအကဲ မစ္စတာ လီယွန်ဟီးက ဆက်လက်ပြောကြားခဲ့ပါတယ်။ ကွဲပြားတယ်ဆိုပေမယ့် ပုံမှာတွေ့ရတဲ့အတိုင်း အရင်ဖုန်းတွေရဲ့ ဒီဇိုင်းပုံစံကိုပဲ အခြေခံထုတ်လုပ်ထားတာပါ။

“Galaxy S4 ထုတ်လုပ်တုန်းက ဆိုရင် S3 နဲ့ များစွာ မကွာခြားသလို ခံစားခဲ့ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခု S5 မှာ Display နဲ့ ကျောဘက်ကာဗာပိုင်းကို ပြင်ဆင်ပြောင်းလဲထားပါတယ်” လို့ ၎င်းကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ ဒီဖုန်းကို ပရော်ဖက်ရှင်နယ်ကျကျ သုံးစွဲမယ့်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်သွားမှာ ဖြစ်ပြီး စမတ်ဖုန်းတစ်လုံးဝယ်ဖို့ ငွေကြေးများများ သုံးစွဲနိုင်သူတွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy S5 ရဲ့ ဈေးနှုန်းက စိတ်ဝင်စားစရာပါပဲ။

ဆက်လက်ပြီး မစ္စတာလီယွန်ဟီးကပဲ ‘Samsung အနေနဲ့ ဒုတိယမြောက်မျိုးဆက် Wearable Device တစ်ခုကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိကြောင်း’ ပြောကြားခဲ့ပါတယ်။ Galaxy Gear ကို ထုတ်လုပ်ခဲ့ပြီး ၎င်းရဲ့ နေရာမှာ အစားထိုးဖို့ဖြစ်ကာ Gear ထက် ပိုမိုစုံလင်တဲ့ (ကျန်းမာရေးဆိုင်ရာ) လုပ်ဆောင်ချက်တွေ၊ ပိုမိုပါးလွှာလှပတဲ့ ဒီဇိုင်း စတာတွေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Galaxy S5 ရဲ့ တွဲဖက်ပစ္စည်း ဖြစ်လာနိုင်ပါတယ်။

အခုပုံကတော့ Samsung အကြီးအကဲ မစ္စတာ လီယွန်ဟီး ပြောကြားခဲ့တဲ့ Samsung ရဲ့ မကြာခင် ထွက်ရှိလာမယ့် Galaxy S5 ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။
By : Kangyi (MCG)
Ref :  http://www.myanmarcnn.com

No comments:

Post a Comment